ကျနော်ငယ်ငယ်တုန်းက ပင်လယ်စပ်နားအုန်းခြံကြီးထဲမှာ နေထိုင်ခဲ့ပါသည်။ ထိုစဉ်က အဖေက တစ်မျိုးလုံးနှင့်အစေးမကပ်။ ခြံဝမှာ ““ဆွေမျိုးနဲ့ခွေးမလာရ””ဟူ၍ သစ်သားပြားပေါ် ထုံးဖြူသုတ်ရေးကပ်ထားသည်။ တစ်ရွာလုံးက ဆွေမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီး ကျနော်တို့ခြံနားကို ခြေဦးပင်မလှည့်။ လှည့်လာသူကိုလည်း အဖေက ဓားနှင့်တစ်ဖုံ၊ လေးခွနှင့်တစ်မျိုး မောင်းထုတ်လေ့ရှိသည်။ ဆွေမျိုးတွေက စာကပ်ထားသောကြောင့်မလာကြသော်လည်း ခွေးတွေကတော့ နေ့စဉ် အလာမပျက်ကြ။ အဖေရေးထားသည့်စာကိုလည်း ဂရုမစိုက်ကြ။ ကျနော့်မျက်နှာနှင့်ပင် ပုံမှန်အတိုင်း သည်းခံဝင်ထွက်နေကြမြဲဖြစ်သည်။
ကြီးလာတော့ ကျနော့်မျက်စိထဲမှာ စာတွေကိုတွေ့လာရသည်။ စာတွေဆိုတာက လမ်းဘေးမှာ၊ သစ်ပင်စည်မှာ၊ လမ်းဆုံလမ်းခွတွေမှာ၊ အဆောက်အဦရှေ့တွေမှာ ကပ်ထားသော ကြေငြာချက်လိုလို။ သတိပေးစာလိုလို စာများပင်ဖြစ်သည်။
မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျကြသူတွေဖြစ်သည်။ နေရာတိုင်းလိုလိုမှာ စာတန်းလေးများလိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူကကပ်သည်။ အစိုးရက ကပ်သည်။သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ရမည်ဖြစ်သည်။
နေရာတိုင်းမှာတွေ့ဖူးပါမည်။ ““ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ”” စသဖြင့်။ လိုက်နာသူကခပ်ရှားရှားပင်။ ကျနော်လည်းအလုံးစုံလိုက်နာသူမဟုတ်ပါ။ လူထဲကလူတစ်ယောက်၊ မြန်မာနိုင်ငံသားထဲက မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်သည့်အတွက်ခပ်ပေါ့ပေါ့ပင်မလိုက်နာပါ။ မြန်မာနိုင်ငံသားအားလုံးကို သိမ်းကျုံးမဆိုလိုပါ။ စည်းကမ်းကိုတိကျစွာ လိုက်နာကြသူတွေအများကြီးရှိပါသည်။ ကျနော်ဆိုလိုတာက တချို့သော အများအပြားကိုဖြစ်သည်။ (ရှုပ်သွားသလိုပဲ)။
စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ထွက်ပေါ်လာရခြင်းမှာ စည်းကမ်းမဲ့သူတွေ များလာသောကြောင့်ဖြစ်သည်။ လူရှိန်အောင်လက်ဆော့သူတွေများလာတာလည်း ဖြစ်နိုင်သည်။ထိုစာများတွင် ရသလေးတွေလည်းပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက ရယ်မောရသည်။ တချို့က မခံချိမခံသာဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာဖြစ်ရသည်။ အဲဒီလိုလေးတွေပေါ့။
ကျနော်တို့မြို့ကလေးရဲ့ ခရိုင်ဆေးရုံဧည့်ဆောင်ထဲမှာ ဆိုင်းဘုတ်တစ်ခုကိုတွေ့ဖူးသည်။““နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေကို တိကျစွာလိုက်နာပါ””ဟူ၍ဖြစ်၏။ အဲဒီအောက်က ဆိုင်းဘုတ်တစ်ခုထပ်လာသည်။ ““ဆေးလိပ်မသောက်ရ”” တဲ့။ အဲဒီတော့ ရုတ်တရက်ကြည့်ပါက နိုင်ငံတော်ရဲ့လျှို့ဝှက်အက်ဥပဒေဆိုတာ ဆေးလိပ်မသောက်စေခြင်းကိုဆိုလိုသည်ဟု အတွေးပေါက်ရသည်။ တိကျစွာလိုက်နာသင့်သည်ဟု ခံယူပြီး အပြင်မှာပဲထွက်သောက်လိုက်သည်။
သစ်တောဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင်ကပ်ထားသော ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ ““သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်””တဲ့။ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သောကာတွန်းတစ်ပုဒ်ကိုသတိရသွားသည်။ ကာတွန်းဆရာနာမည်တော့မေ့နေပြီ။ သူတင်ပြထားတာ သိပ်ထိမိသည်။““သစ်တစ်ပင်ခုတ်ထောင်သုံးနှစ်တဲ့… တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော””ဟူ၍။ ကဲ… ဘယ်လောက်လှသလဲ။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီးပါလာသည်။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရန်ကုန်မြို့ဟောင်းကြီးက ရုပ်ရှင်ရုံတွေထဲမှာတောင် ဇာတ်ကားမစတင်မီ ““နိုင်ငံတော်အလံအားအလေးပြုပါ””ဆိုသည့်စာတန်းပေါ်လာချိန်မှာ နေရာကမထကြသူတွေ ဒုနဲ့ဒေး။ အရင်ကတော့ သိပ်မသိသာ။ ခုလို သုံးရောင်ခြယ်အလံသစ် ပြောင်းလဲလိုက်တဲ့ကာလနောက်ပိုင်းမှာတော့ ပိုဆိုးကရော။ တုတ်တုတ်ပင်မလှုပ်ကြ(တုတ်တုတ်ကမလှုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာပါလိမ့်?)။ ““ဟင်.. စာထဲမှာသင်ရတဲ့အလံလည်းမဟုတ်ဘူး… အာဖရိကန်အလံကြီး””ဟု ၀ိုးတ၀ါးတားအကြည့်များဖြင့်ပင်ထိုင်ကြည့်နေကြလေ၏။
သတင်းတစ်ပုဒ်ဖတ်ဖူးသည်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရုပ်ရှင်ပြစဉ် နိုင်ငံတော်အလံအားအလေးမပြုဘဲ ထိုင်နေသူတစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်သောသတင်းဖြစ်သည်။ ကျနော်တို့ဆီမှာတော့ အဲ့လိုမလုပ်။ ထောင်မဆံ့မှာစိုးလို့ဖြစ်မည်။ ကောင်းလေစွ။
““ဆေးလိပ်မသောက်ရ”” ဆိုသည့် ကားပေါ်ကစာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊ စပယ်ယာတစ်ဖွာဖြင့် ငြိမ့်နေကြတာကိုလည်းတွေ့ဖူးကြမည်။““ကွမ်းတံတွေးမထွေးရ”” ဆိုသည့်ဆိုင်းဘုတ်ကလေးခမျာ ကွမ်းတံတွေးများဖြင့် ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြမည်။““အမှိုက်မပစ်ရ”” ဆိုသည့် ဆိုင်းဘုတ်ကလေးယိုင်နဲ့နဲ့က အမှိုက်ပုံကြီးကြားမှ သနားစဖွယ်ထိုးထွက်နေသည်ကို မြင်ဖူးကြမည်။အကြောင်းပြချက်အရာမှာလည်း ကျနော်တို့နိုင်ငံသားတွေက မရိုးပေ။ မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ သိပ်အဆင်ပြေနေကြသည်။အမှိုက်မပစ်ရ ဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျစုပုံကြသည်။ ချစ်စရာ့ဓလေ့လေးတွေပေါ့လေ။
ဆူးလေမီးပွိုင့်မှာ ““လမ်းဖြတ်မကူးရ””ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူးနေကြသူတွေကို မော်တော်ပီကယ်မမလေးတွေ ခရာကိုတရွှီးရွှီးကုန်းမှုတ်ပြီး လိုက်လိုက်တားနေကြရရှာသည်။ဒါတောင် ““ဟင်..မမြင်ဘူးထင်တာ…. ဒီဟာမတွေ ဘယ်ချောင်ကချောင်းနေကြလဲမသိဘူး””ဟု ပွစိပွစိရေရွတ်တာခံကြရသေးသည်။တချို့မော်တော်ပီကယ်တွေကိုလည်းတွေ့ဖူးသည်။ သူတို့ကတော့ စာတန်းတွေ ဆိုင်းဘုတ်တွေကို အယုံအကြည်မရှိသော သင်္ကေတ၀ါဒီတွေဖြစ်သည်။ ဘာစာတန်းမှမလို။ သတိပေးစရာလည်းမလို။ သူတို့ရှိနေသည့်နေရာနားမှာ ရေသန့်ဘူးတစ်လုံးကိုမြင်သာထင်သာရှိအောင် ချထောင်ထားသည်။ အဲဒါဆိုရင် လိုင်းကားသမားတွေနားလည်ပေတော့။ ရေသန့်ဘူးရှိတဲ့နေရာတည့်တည့်ကို ပိုက်ဆံခေါက်လေးပစ်ခဲ့ပေတော့။ ကိုကိုမော်တော်ပီကယ်လေးက လှည့်ပင်မကြည့်။ သူမသိသလိုနဲ့ ရူးချင်ယောင်ဆောင်သည်။သူမွေးထားတဲ့တပည့်ချာတိတ်လေးတစ်ယောက်က ပြေးကောက်ပြီးစုထားရသည်။ အဲ့ဒီလို နားလည်မှုသင်္ကေတနဲ့ လုပ်ကြသည်။ ကောင်းလေစွ။
စက်တင်ဘာအရေးအခင်းတုန်းကတော့ ဆိုင်းဘုတ်နဲ့မပြော။ အော်လံနှင့်သတိပေးသည်။““ရှေ့ကို တစ်စင်တီမီတာလောက်ထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား””
လူတွေကလည်း““ဟေး””ခနဲပျော်ပျော်ကြီး တစ်ပေလောက်ထပ်တိုးသည်။
““နောက်ထပ် တစ်စင်တီမီတာလေးပဲထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား””
““ဟေး….”” တစ်လံလောက်ထပ်တိုးကြပြန်သည်။
အဲဒီတော့ဘာဖြစ်တုန်း။ ဒီလူတွေက အပြောသမားသက်သက်မဟုတ်တော့ ဆော်တာပေါ့။
““ဖွတ်ညောင့်.. ဖွတ်ညောင့်… ဒက်ဒက်..ပွေး..၀ဲ..ညှင်း.. ဒိုင်း…အုန်း”” စသဖြင့်။
အဲဒီတော့မှ လူတွေက စီးလာတဲ့ဖိနပ်တွေအသာချွတ်ပြီး–
““ဟယ်.. တကယ်ကြီးပစ်တယ်တော့””
““အေးလေ.. ဒို့က စစ်သားလေးတွေက ချစ်စရာလေးတွေဆိုပြီး အားပေးလိုက်ရတာ””
““ဟုတ်ပ ကောင်မရယ်… တွား…လူချိုး”” — ဆိုပြီး ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးကြလေသည်။
မင်္ဂလာဒုံ-မှော်ဘီဖက်သွားတဲ့ လမ်းတစ်လျှောက်မှာ အုတ်တံတိုင်းကြီးတွေကာရံထားသည်။ အဲ့ပေါ်မှာလည်း စည်းကမ်းချက်တွေရေးထားသည်။
““ဤနေရာအားကျုးကျော်ဝင်ရောက်လာပါက ပုဒ်မ၁၄၄အရ သေနတ်ဖြင့်ပစ်ခတ်အရေးယူခြင်းခံရမည်””ဆိုလား။ အဲ့နားကိုတော့ လူမပြောနဲ့၊ ခွေးတွေတောင် —-
““ဟေ့.. ကိုအောင်နက်… အဲ့နားကိုမကပ်နဲ့နော်.. အထဲမှာ မုဆိုးတွေရှိတယ်။ သူတို့ကလက်ယားနေကြတာ..အာဝု””
““စိတ်ချ..ကိုဂုတ်ကျား… ကိုယ့်အန္တရာယ်ကိုယ်သိတယ်… ကိန်..ကိန်”” ဆိုပြီး ယောင်လို့ပင် မကပ်ကြ။ ကောင်းလေစွ။
မြောက်ဥက္ကလာပမြို့နယ်မီးသတ်ရုံးကြီးက အကြီးကြီး။ အသစ်ကြီး။ အထဲမှာရပ်ထားတဲ့ ကားအနီကြီးတွေကလည်း ခန့်ခန့်ကြီး။ ရုံးမျက်နှာစာမှာရေးထားတဲ့ စာတန်းကြီးကလည်း ထင်းထင်းကြီးနဲ့ရှင်းရှင်းကြီး။““မြန်မြန်သိ။ မြန်မြန်သွား။ မြန်မြန်သတ်”” တဲ့။ မျက်စိထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက နံပတ်တုတ်တွေတကားကားနဲ့ ဆန္ဒပြတဲ့လူအုပ်ကြီးကို လိုက်ရိုက်နေတာကို မြင်ယောင်သွားပြီး ခွိခနဲကြိတ်ရယ်မိသည်။
စားသောက်ဆိုင်အ၀တွေမှာ စာတန်းလေးတွေကပ်သည်။
““အလှူခံမ၀င်ရ””
အဘွားကြီးတစ်ယောက် တုန်ချိချိဖြင့်ဝင်ရောက်တောင်းရမ်းသည်။ ဆိုင်ရှင်ကအော်ထုတ်သည်။
““အလှူခံမ၀င်ရလို့ရေးထားတာ မမြင်ဘူးလား””
““အဘွားက စာမဖတ်တတ်လို့ပါကွယ်””။
အဲ့ဒီလိုစာမဖတ်တတ်သူတွေက စည်းကမ်းချက်ကိုမသိ။ စာဖတ်တတ်သူတွေကလည်း တမင်မမြင်ချင်ယောင်ဆောင်ကြ၏။
““ဤနေရာတွင်သေးပေါက်ရန်မဟုတ်”” ဟုရေးထားသောစာတန်းအောက်မှာ တစ်ယောက်ကထပ်ဖြည့်ပေးထားသည်။ ““ညာဖက်နားမှာ သွားပေါက်ပါ”” ဟု။တချို့ကတော့ နင့်နင့်နဲနဲရေးသည်။ ““ဒီနေရာမှာ ခွေးများသာသေးပေါက်ရန်””ဟု။ စာတမ်းကထိရောက်သလားတော့မသိ။ ခွေးရောလူရော လစ်ရင်လစ်သလိုပေါက်ကြတာပါပဲ။ ကောင်းလေစွ။
ဟာသလေးတစ်ပုဒ်ကြားဖူး၏။ ပွဲခင်းထဲမှာဇာတ်ကနေသည်။ မူးနေသောလူနှစ်ယောက်က ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံဘေးကထရံကို အပေါက်လေးဖောက်ပြီးဝင်ကြသည်။ရိုးရိုးတိုးဝင်တာမဟုတ်။ လေးဖက်ထောက်ပြီး နောက်ပြန်ကြီး ဖင်နဲ့တိုးဝင်တာဖြစ်သည်။ လုံခြုံရေးကဓာတ်မီးတ၀င်းဝင်းနဲ့ရောက်လာသည်။ သူတို့ကိုမြင်တော့ အလန့်တကြားတား၏။““ဟေ့လူတွေ…. ဒီအပေါက်ကထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း””ဆိုပြီး အတင်းထိုးထည့်လိုက်သည်။ သူတို့လည်း ဇာတ်ရုံထဲအေးဆေးလေးရောက်သွား၏။ ဥာဏ်ထက်ပုံများပြောပါတယ်။
သမိုင်းလမ်းဆုံက ဆိုင်ခန်းတစ်ခန်းမှာ စာချိတ်ဖူးသည်။ ““ဆိုင်ခန်းမငှားပါ””တဲ့။ မငှားရင်ရေးစရာလား။ ပြည်လမ်းပေါ်က ခြံကြီးတစ်ခြံရှေ့မှာ ဗီနိုင်းကြီးကပ်ထားသည်။ ““ခြံလုံးဝမရောင်းပါ””တဲ့။ မရောင်းရင်ရေးစရာလား။အဲ့လိုတွေပြန်မေးစရာရှိသည်။ သို့သော်လည်းသူတို့က သူတို့ဒုက္ခနှင့်သူတို့။ ပွဲစားတွေ။ မျက်စိကျသူတွေ၏ မေးခွန်းများကို ပြန်ပြန်ဖြေနေရတာ ကြာတော့စိတ်ပျက်လာပုံရသည်။ စာထုတ်ကပ်ထားတော့အေးရော။ ကောင်းလေစွ။
““ခုံပြည့်လျှင်လူပိုမတင်ပါ””ဆိုပြီး အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။ ““လာဘ်ပေးလာဘ်ယူ..တို့ရန်သူ””ဆိုသည့်စာတန်းအောက်မှာ ၀န်ထမ်းတွေ အိတ်ဖောင်းပြီးစိတ်ပြောင်းနေကြ။ ““မှုခင်းကင်းစင်ရက်သတ္တပတ်””ဆိုင်းဘုတ်တင်ပြီးပြီးချင်းရဲစ ခန်းမှာ အမှုတွေပြည့်နှက်လာ။ မိုးလေ၀သသတင်းကြေငြာချက်တွေယုံစားပြီး ပင်လယ်လုပ်သားတွေဒုက္ခတွေ့ကြ။ ဆေးလိပ်ဘူးခွံပေါ်က ၁၈နှစ်မပြည့်သူကိုမရောင်းရစာတန်းလေးကို ကျောင်းသားလေးတွေ မျက်ကွယ်ပြုထားကြ။ ““ရထားလက်မှတ်မှောင်ခိုရောင်းချသူကိုသတင်းပေးလျှင် ဆုငွေတစ်သိန်း””စာတန်းကြီးချိတ်ပြီး မီးရထားဝန်ထမ်းတွေကပဲ မှောင်ခိုမောင်တွေဖြစ်နေကြ။
နိုင်ငံတော်သမ္မတကြီးကလည်း ““clean Government””ဟု မိန့်ခွန်းထဲထည့်ပြောကြား။ ပြည်ပမီဒီယာတွေကလည်း ““အဲဒါ…အစိုးရကိုရှင်းလင်းပစ်ပါလို့ဆိုလိုတာ””ဟု ပြန်ချေပကြ။““တစ်ဖက်နိုင်ငံထက်သာလွန်သောနိုင်ငံအဖြစ်သို့””ဟု ထပ်ပြောပြန်။ ““ဖာနိုင်ငံ””ကိုပြေးမြင်ယောင်မိကြ။ မေလ၂ရက်နေ့မှာ ရန်ကုန်မြို့အတွင်း ““မီဒီယာကော်နာ””ဆိုတဲ့ ဆိုင်တွေဖွင့်လှစ်။ ပြန်ကြားရေးဝန်ကြီးနှင့် ရန်ကုန်ဝန်ကြီးချုပ်တက်ရောက်။ တချို့တွေကမီဒီယာကော်နာ ဆိုတာ မီဒီယာထောင့်ကန်ဘောဟု စဉ်းစားနေကြ။
စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ……။ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ နေ့တဓူဝပလူပျံလာနေသည်။ လူမှုဘ၀ခရီးလမ်းမှာ စောင့်ထိန်းစရာတွေများလာနေသည်။ ဟိုဟာလုပ်ချင်လည်း မလွတ်လပ်။ ဒီဟာပြုချင်လည်းအဆင်မပြေ။ ကပ်ထားသောစာတန်းတွေကိုကြည့်ကြည့်ပြီး လူကခိုးကြောင်ခိုးဝှက်ပုံဖြစ်ဖြစ်နေလာသည်။
ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက်လှေကားမှာ ကပ်ထားတဲ့စာတန်းလေးကတော့ လှပသည်။ ဖတ်ရတာလည်းအဆင်ပြေသည်။ ကိုယ်လိုချင်တဲ့အနေအထားရောက်အောင် ဖန်တီးနိုင်သည်ဟုထင်သည်။““ဒီနေ့ရာလေးမှာ ကျနော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေးမထွေးဘူးနော်”” တဲ့။ ရိုးရိုးလေး။ ကြားနေမြင်နေကျစည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာရေးသားထားသည်။
ရွှေပေါက်ကံမြို့သစ်ထဲက လမ်းခွဆုံကွမ်းယာဆိုင်တစ်ဆိုင်မှာ ဒီလိုလေးရေးထားသည်။““ဒီနေ့အကြွေးမရောင်းဘူး။ နက်ဖြန်မှရောင်းမယ်”” တဲ့။ သူပြောတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူကျေနပ်သည်။
နိုင်ငံတော်အစိုးရချမှတ်ကြေငြာထားသလိုပင်………..““စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်”” ဆီသို့ ကျနော်တို့ ချီတက်နေကြပါသည်။ နေရာအနှံ့စည်းကမ်းချက်တွေ ပြည့်နှက်စွာဖြင့်ပေါ့။ ကောင်းလေစွ။ ။
ဥက္ကာကိုကို
၂.၅.၂၀၁၁
ငါသေခဲ့သော်….
ငါသေခဲ့သော်….
ငါ့ကိုယ်ငါ သရဏဂုံတင်ထားတဲ့အတွက် ဘုန်းကြီးငါးပါးလည်းမလိုပါ
ဥက္ကာရေ…အမျှ အမျှ အမျှလို့လည်း ရေရွတ်ကြစရာ မလိုပါ
တတ်စွမ်းသရွေ့ဒါနလေးတွေ အခွင့်ကြုံတိုင်းလုပ်နေတဲ့အတွက် ကူးတို့ခလည်းမလိုပါ
ငါဟာ ငရဲပြည်ရော နတ်ပြည်ရော နှစ်ပြည်စလုံးကိုတစ်လှည့်စီသွားနေမှာဖြစ်တဲ့အတွက်
ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းကြစရာလည်းမလိုပါ
ငါ့ကိုယ်ငါလည်း သံဝေဂယူထားတယ်
ထို့အပြင်
မည်သူမဆိုလည်း လာရောက်သံဝေဂယူနိုင်ပါတယ်။
ငါသေခဲ့သော်….
ရန်ကုန်မှာဖြစ်ပါက ရေဝေးသုဿန်မှာမီးသဂြိုလ်ပေးပါ
ထိန်ပင်က သွားရလာရဝေးလို့ပါ
နယ်တစ်နယ်မှာဖြစ်ပါက လူသူတိတ်ဆိတ်တဲ့ သစ်ပင်ရိပ်လေးမှာ မြုပ်နှံပါ
ငါ့အုတ်ဂူကို မီးခိုးရောင်သုတ်ပေးကာ
အုတ်ဂူဘေးမှာ စံပယ်ရုံလေးတစ်ရုံစိုက်ပျိုးပေးပါ
ငါ့အုတ်ဂူဟာ မိုးရာသီဦးစမှာ စံပယ်ရနံ့နဲ့ သင်းပျံ့နေပေမှာ။
ငါသေခဲ့သော်….
ငါ့ကို ချစ်ခင်သောသူများက လာရောက်လွမ်းဆွတ်နိုင်ပါတယ်
ငါ့ကိုမုန်းတီးသောသူများက တံတွေးလာထွေးနိုင်ပါတယ်
ငါ့စိတ်ဆိုးလိမ့်မှာမဟုတ်ပါ
ငါက စိတ်ဆိုးလည်းခဏပါကွာ။
ငါသေခဲ့သော်….
ငါ့ရဲ့အနီးဆုံးသူငယ်ချင်းတစ်စုက ငါ့အလောင်းကိုထမ်းကြပါ
အဲဒီအချိန်မှာ သူတို့ဟာ အရက်ကလေးတစ်ထွေထွေဖြစ်နေလိမ့်မှာ
ငိုကြွေးနေရှာမယ့် ငါ့အမေ
ငါ့မိတ်ဆွေအမျိုးသမီးများက အားပေးနှစ်သိမ့် ဖေးမကြပါလေ
ကျောင်းတက်နေဆဲငါ့ညီနှစ်ကောင်က စိုးရိမ်အားငယ်နေရှာမှာ
ငါ့ကိုသင်ခန်းစာယူပြီး လိမ်မာကြဖို့ပြောပေးပါကွာ။
ငါသေခဲ့သော်….
ငါ့ကိုသတိရကြောင်းကဗျာရှည် တချို့တွေရေးကြမှာ
ငါဘယ်လောက်ဆိုးသွမ်းခဲ့ကြောင်း အမှတ်တရတွေ တချို့တွေစမြုံ့ပြန်ကြမှာ
ဂျာနယ်ကလည်း ၀မ်းနည်းကြေကွဲခြင်းစာတစ်ကြောင်းကို
တစ်လက်မနဲ့တစ်ကော်လံလောက် ထည့်လိမ့်မှာ
ငါတကယ်သေသွားပြီဖြစ်ကြောင်း ပို့စ်တစ်ခုကို
ငါ့ဘလော့ဂ်နဲ့ ငါ့ဖေ့စ်ဘွတ်ခ်နုတ်စ်မှာ တင်ပေးပါ
ပတ်စ်ဝါ့ကတော့ ငါ့ဒိုင်ယာရီထဲမှာရေးသွင်းခဲ့လေမှာ။
ငါသေခဲ့သော်….
ငါနဲ့သက်ဆိုင်သမျှ မိတ်ဆွေအ၀၀တို့ လာရောက်ကြပါ
နောက်ဆုံးအကြိမ်ငါနဲ့မျက်နှာချင်းဆိုင်တွေ့ကြပါ
နောက်ဘ၀တစ်ခုခုရဲ့ လက်ဖက်ရည်ဆိုင်မှာ ထပ်မံတွေ့ကြမယ်လေကွာ။
ငါသေခဲ့သော်….
ငါ့အလောင်းမှာ လည်ကတုံးအင်္ကျီဖြူနဲ့ ရခိုင်ပုဆိုးလေးဝတ်ပေးပါ
ဦးခေါင်းမှာ ပန်းရောင်ရိုးရာခေါင်းပတ်စကို ပတ်ပေးပါ
နောက်ဘ၀တွေမှာလည်း အာရကန်နိုင်ငံတော်မှာပဲ ပြန်ဝင်စားချင်ပါတယ်
ပင်လယ်နဲ့ရိုးမတောင်တန်း၊ သဇင်ပန်းတို့ကို ငါသိပ်ချစ်လို့ပါကွယ်။
ငါသေခဲ့သော်….
အမေစုကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အလေးပြုသွားကြောင်း ပြောပေးပါ
အကျဉ်းကျနေသူတို့ ကျန်းမာဖို့ရာ ဆုတောင်းခဲ့ကြောင်း ပြောပေးပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့အလောင်းထက်မှာ ခွပ်ဒေါင်းအလံအနီရဲရဲကို လွှမ်းခြုံပေးပါ
ငါဟာ နိုင်ငံရေးသမားမဟုတ်သော်လည်း
ခွပ်ဒေါင်းတွေကို သိပ်ချစ်တတ်လို့ပါပဲ။
ငါသေခဲ့သော်….
သံတွဲ၊ ဟင်္သတ၊ တွံတေးနဲ့ မန္တလေးမြို့တို့ကို သတင်းပို့လိုက်ပါ
ပြီးတော့….
နှင်းတွေကျနေမယ့် နိုင်ငံတစ်ခုဆီ သတင်းပို့ပေးကြပါ
ငါ့နှလုံးသားကို လှုပ်ကိုင်ခဲ့သူတချို့ အဲ့ဒီမှာ ကိန်းဝပ်ခဲ့လို့ဗျာ။
ငါသေခဲ့သော်….
ငါ့အိမ်က စာအုပ်စာတမ်းတွေကို စာကြည့်တိုက်တွေဆီလှူပေးပါ
ငါရေးသားဆဲစာတချို့ကို သူငယ်ချင်းတစ်ယောက်က လက်စသတ်ပေးပါ
ပြီးရင် အားလုံးကိုမီးရှို့လိုက်ပါကွာ
ပြီးရင် ပြီးတာပဲ မဟုတ်လားဗျာ။
ငါရေးထားတဲ့ လုံးချင်းဝတ္ထုတချို့ကို ထုတ်ဝေသူတချို့ထံရောင်းချပါ
သူတို့တိုက်ကစာရေးဆရာတစ်ယောက်အတွက် ရှဲဒိုးစာအုပ်အဖြစ်အသုံးဝင်စေမှာ
ရသလောက်စာမူခလေးကို မိဘမဲ့ကလေးတွေဆီပို့ပေးပါ
ဟိုး…ရှေးရှေးတုန်းက
မြန်မာဒီမိုကရေစီနိုင်ငံတော်ကြီးဆိုတဲ့အရပ်ဒေသမှာ
မောင်ဥက္ကာဆိုတဲ့လူငယ်လေးတစ်ဦးရှိသတဲ့…အစချီကာ
ရယ်မောစရာပုံပြင်လေးတစ်ပုဒ် ကလေးတွေကိုပြောပြပါ
ငါဟာ ဘ၀ကိုပျော်ရွှင်စွာနေထိုင်ဖို့ကြိုးစားခဲ့တာ
ဆင်းရဲဒုက္ခမှန်သမျှ မျက်ရည်မကျမေ့ပျောက်တတ်တာ
စစနောက်နောက်နဲ့ လောကကြီးကို ကန့်လန့်မြင်တာကလွဲလို့
ဘယ်သူ့အပေါ်မှ မကောင်းကြံတဲ့စိတ်မထားခဲ့တာ
သူတို့လေးတွေကို ပေးသိပါစေကွာ။
မအောင်မြင်ခင် ငါသေသွားတဲ့အတွက်
ငါ့သူငယ်ချင်းသတင်းသမားတချို့က နာကျည်းနေကြလေမှာ
ငါသေတဲ့အကြောင်းဟာ
သတင်းတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်လုပ်လို့မရသေးတာမို့လို့ပါ။
ငါသေခဲ့သော်….
ကဗျာရေးတဲ့ ဘုန်းကြီးတစ်ပါးကို ဆက်ဆက်ပင့်ပေးပါ
အဲ့ဒီဘုန်းကြီးဟာ ငါထမင်းငတ်နေစဉ်ကာလမှာ
ငါ့ကိုဆွမ်းခံကျွေးဖူးခဲ့တဲ့ ထမင်းရှင်ဖြစ်လေတာ။
ငါသေခဲ့သော်…
ငါ့နာရေးမှာ ငါလုပ်ဖူးသမျှ ဂုဏ်ပုဒ်တွေကိုတန်းစီထည့်ပေးပါ
ဘယ်လိုပဲဖြစ်ဖြစ် ငါမရှက်ပါဘူးကွာ
ငါဟာ သတင်းထောက်နဲ့ ကဗျာဆရာမဖြစ်ခင်တုန်းက
တံငါသည်၊ ထင်းခုတ်သမား၊ အရက်ရောင်းသူ
ဘီယာဆိုင်စားပွဲထိုးနဲ့ ပန်းရံနောက်လိုက်လုပ်ခဲ့ဖူးလို့ပါ။
ငါသေခဲ့သော်….
ဘယ်သူမှ မျက်ရည်ကျတာ မတွေ့ချင်ပါ
ငါ့သူငယ်ချင်းတွေက ဗုံတွေဆိုင်းတွေငှားတီးကြပါ
ငါ့သူငယ်ချင်းတွေဟာ ပညာမျိုးစုံတီးခေါက်မိသူတွေပဲကွာ
““ဟေးလားကွယ်မောင်ရို့””တစ်ပိုဒ်လောက်အော်ပြီး
အောင်မောင်းခြေထိုးလေးတစ်ကွက်လောက်ကကာ
ငါ့အလောင်းကို တွန်းယူသွားကြပါ။
သိပ်မကြာခင်မိနစ်ပိုင်းမှာ
ဘာမှမဟုတ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ရုပ်ခန္ဓာဟာ
မီးခိုးနဲ့ ပြာမှုန်တွေအဖြစ် ကူးပြောင်းသွားလေတော့မှာ။
အဲဒီအချိန်မှာ ငါဟာ အသက်ဝိညာဉ်ကင်းမဲ့စွာ
တစ်နေရာရာကနေ သင်တို့ကို ကြည့်ကာ
သေခြင်းတရားကဗျာတစ်ပုဒ်ကို ရွတ်ဆိုဖွဲ့နွဲ့နေလေမှာ။ ။
ဥက္ကာကိုကို
၁.၅.၂၀၁၁

ကျနော်နှင့်စည်းကမ်းများ
ကျနော်ငယ်ငယ်တုန်းက ပင်လယ်စပ်နားအုန်းခြံကြီးထဲမှာ နေထိုင်ခဲ့ပါသည်။ ထိုစဉ်က အဖေက တစ်မျိုးလုံးနှင့်အစေးမကပ်။ ခြံဝမှာ ““ဆွေမျိုးနဲ့ခွေးမလာရ””ဟူ၍ သစ်သားပြားပေါ် ထုံးဖြူသုတ်ရေးကပ်ထားသည်။
တစ်ရွာလုံးက ဆွေမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီး ကျနော်တို့ခြံနားကို ခြေဦးပင်မလှည့်။ လှည့်လာသူကိုလည်း အဖေက ဓားနှင့်တစ်ဖုံ၊ လေးခွနှင့်တစ်မျိုး မောင်းထုတ်လေ့ရှိသည်။ ဆွေမျိုးတွေက စာကပ်ထားသောကြောင့်မလာကြသော်လည်း ခွေးတွေကတော့ နေ့စဉ် အလာမပျက်ကြ။ အဖေရေးထားသည့်စာကိုလည်း ဂရုမစိုက်ကြ။ ကျနော့်မျက်နှာနှင့်ပင် ပုံမှန်အတိုင်း သည်းခံဝင်ထွက်နေကြမြဲဖြစ်သည်။
ကြီးလာတော့ ကျနော့်မျက်စိထဲမှာ စာတွေကိုတွေ့လာရသည်။ စာတွေဆိုတာက လမ်းဘေးမှာ၊ သစ်ပင်စည်မှာ၊ လမ်းဆုံလမ်းခွတွေမှာ၊ အဆောက်အဦရှေ့တွေမှာ ကပ်ထားသော ကြေငြာချက်လိုလို။ သတိပေးစာလိုလိုာများပင်ဖြစ်သည်။
မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျကြသူတွေဖြစ်သည်။ နေရာတိုင်းလိုလိုမှာ စာတန်းလေးများလိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူကကပ်သည်။ အစိုးရက ကပ်သည်။
သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ရမည်ဖြစ်သည်။

သစ္စာပန်းတွေ ကြွေနေပြီ၊အစာရေစာစား၊ တီရှပ်ဝတ်၊ အိပ်ရာဝင်၊ အိပ်မက်မြူနဲ့ အတူနေ၊
အနုပညာဖန်တီး၊ စာသားမပါတဲ့ သီချင်းလေချွန်၊ ပျော်ရွှင်မှု ပျောက်ဆုံး၊
စကားလုံးတွေရဲ့အနှစ်သာရ မရှိမှုကို ဆင်ခြင်၊ ငယ်စဉ်ကလေးဘ၀ကို လွမ်းဆွတ်၊
ဘာမှ မရှိခြင်းကို တပ်မက်၊ ကိုယ့် အရိပ်ကိုယ် သံသယဖြစ်၊ အိပ်မက်ဆိုးတွေ မြင်မက်၊
နျူရိုးဆစ်နဲ့ ဆိုက်ကိုးဆစ် ရောနှော၊ မသိစိတ်ထဲက မိန်းမအဟောင်းနဲ့ သားနှစ်ယောက်ကို မေ့ပစ်၊
လောကကို အဆိုးမြင်၊ ၀ံပုလွေဆန်တဲ့ ငယ်သူငယ်ချင်းဟာ စက်ဆုပ်ဖွယ်၊
ဖေဖေ မကွယ်လွန်မီ စူးရှတဲ့ မျက်လုံးတွေကို ကြောက်လန့်၊
အတိတ်ကို ပစ္စုပ္ပန်၊ ခင်လေးဝင်းကို သတိရ၊ စာအုပ်စာတမ်းတွေ မျက်နှာလွှဲ၊
ဘာမှ မသိချင် မကြားချင်၊ မိန်းမကို အလို မကျဖြစ်၊ နေ့သစ်တစ်ခုရောက်လာမှာ စိုးရိမ်၊
ပြည်တွင်းဖြစ် ၀တ္ထုတိုတွေ မဖတ်ချင်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊
စိတ်ထဲ ဘာလိုအပ်နေမှန်းမသိ၊ စာပေသီဝရီတွေ လွှင့်ပစ်၊ ဘယ်သူနဲ့မှ စကားမပြောချင်၊
တွေးခေါ်ဆင်ခြင်မှု လက်လွတ်၊ ဇာခြည်သန့်ကို မေ့မရ၊ ရဟန်းဘ၀ကို မျှော်လင့်၊
လှပတဲ့ အိပ်မက်တွေ စိတ်ကူးယဉ်၊ သူငယ်ချင်းတွေနဲ့ တစ်မိနစ်၊
ရယ်သံဟာ ခဏလေးပဲ၊ နတ္ထိဝါဒီတစ်ယောက်လို တွေးတော၊
အသိဥာဏ်ဟာ အလကား၊ Sexualism ကို အနုပညာမြောက်အောင် စိတ်ကူး၊
စိတ်အလိုအတိုင်းလေလွင့်၊ အမေနဲ့ ညီမလေးတွေရဲ့ နာမည်မေ့၊
ရုပ်ဝတ္ထုတွေနဲ့ စကားပြော၊ နေ့စဉ်လူမှုဘ၀ထဲက ထွက်ပြေး၊ လက်ဝါးကို ခဏခဏ ဖြန့်ကြည့်၊
ဘူဇွာဝါဒကို ကဲ့ရဲ့၊ မှတ်ဥာဏ်တွေ ချို့ယွင်း၊ စားမ၀င် အိပ်မပျော်၊
ငါ့ နာမည်မှာ အဆိုးမြင်ဝါဒီ တံဆိပ်ကပ်၊ စကားလုံးတွေနဲ့ အပျင်းပြေ ဆော့ကစား၊
ချစ်ခြင်းမေတ္တာကို ပြက်ရယ်ပြု၊ စိတ်ကူးတွေကို မီးနဲ့ရှို့၊ မေးခွန်းတွေကို မေးခွန်းထုတ်၊
ဆက်လက်ရွေ့ လူ့ဘ၀အကြောင်းတွေးခေါ်ရန် ဘာမှ မရှိ၊ တစ်စုံတစ်ရာကို လုပ်ချင်၊
ငါ့ကိုယ်ငါ မမြင်ရ၊ လူငယ်ဘ၀ရဲ့ ဂျင်းဘောင်းဘီ ၀တ်၊ သေခြင်းတရားနဲ့ စက္ကန့်တိုင်း၊
အနတ္တတွေ ဘာတွေ လာမပြောနဲ့၊ ငါနဲ့တွေ့ရင် ဆစ်ဂမန်ဖရွိုက်တောင် ရူးသွားမယ်၊
စိတ္တဇနာမ်တွေမှာ ၀င်စား၊ အမှန်တရားဟာ သွေးပျက်ရူးသွပ်ဖွယ်၊
ငါဟာ မမြင်ရတဲ့ ဘုရားသခင်ပဲ၊ သစ္စာတရားရဲ့ နာမည်ကို အော်ခေါ်၊
လက္ခဏာတွေ ရှုပ်ထွေး၊ တယ်လီဖုန်းကြိုးတွေ ဖြုတ်ပစ်၊ ဆေးမင်ကြောင်ကို ပွတ်သပ်၊
မသိမှုကို မိတ္တူကူး။ သုညတစ်လုံးနဲ့ ဘာသာပြန်၊ ဒုက္ခသစ္စာနဲ့ ရန်ဖြစ်၊
မသိစိတ်ထဲက အမှိုက်တွေ စာရင်းပြုစု၊
သစ္စာပန်းတွေ ကြွေနေပြီ၊ ကိုယ့် အသက်ကို အက်ဒ၀ပ် မန့်ခ်ျ။
အောင်ရင်ငြိမ်း
၃ ဖေဖော်ဝါရီ ၂၀၀၆
စာကြွင်း။ အခုတလော D ကိုက်နေတယ်ဗျာလို့ ချာတိတ်တွေဆီက ပြောသံကြားရင် ၊
ဒါမှ မဟုတ် စိတ်ကျရောဂါဆန်တဲ့ ကဗျာ အရေးအသားတွေ ဖတ်ရရင် ကျွန်တော် စိတ်ထဲက တိတ်တဆိတ်ပြုံးမိသွားလေ့ရှိပါတယ်။ အဲဒီ အခိုက်အတန့်မှာ “ဆိုက်ကို “” ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရမိသွားပြီး ကဗျာ စာသားတွေဟာ ကျွန်တော့် မသိစိတ်ထဲကနေပြန်ပေါ်လာလေ့ရှိပါတယ်။
ဒီကဗျာကို စိတ် အပြင်းအထန်ကျနေတဲ့ ကာလတွေ ၂နှစ်လောက်ဖြတ်ကျော်ခဲ့ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ၅နှစ်တုန်းက ရေးဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်တုန်းက ပုံနှိပ်မီဒီယာ အယ်ဒီတာတွေက “” မင်း ဟာက ကဗျာမှ မဟုတ်တာ ၊ ပြီးတော့ပုဂ္ဂိုလ်ရေးအရမ်းဆန်လွန်းတယ် “” ဆိုတဲ့ မှတ်ချက်တွေနဲ့ ပုံနှိပ်ဖော်ပြဖို့ ငြင်းပယ်ခဲ့ကြပါတယ်။
သူတို့ ငြင်းဆန်ခဲ့တဲ့ အရာဟာ ကျွန်တော့် ဘ၀ဖြစ်တည်မှု/ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြတ်သန်းမှုတွေနဲ့ ရင်းနှီးခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်တယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။
ကဗျာဆိုတာ ဘာလဲလို့ မသိကြတဲ့ ငနဲတွေကို ကျွန်တော် သိပ်ဂရုစိုက်လေ့ မရှိပါဘူး။
အဲဒီ ငနဲတွေကို ကျွန်တော် ပြန်ပြောလေ့ ရှိတဲ့ စကားက
“အင်းးးး ကဗျာမဟုတ်ဘူးဆိုရင်လည်း စာသားတွေပဲလို့ သဘောထားလိုက်ပေါ့ဗျာ “”
ဟုတ်ပါတယ်။ကျွန်တော့်အတွက်ကတော့ ဒါ ကဗျာပါ။
ဒါပေမယ့် ခင်ဗျားတို့ အမြင်မှာ ကဗျာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ခင်ဗျားတို့ အနေနဲ့ ဒီ အရေးအသားကို ကဗျာလို့ သဘောမတူဘူးဆိုရင် စာသားတွေလို့ သဘောထားနိုင်ပါတယ်။
ခင်ဗျားတို့ရဲ့ သဘောထားကို ကျွန်တော် အသိအမှတ်ပြု ပေးနိုင်ပါတယ်။
ကျွန်တော်က ကဗျာ ဆိုတဲ့ စကားလုံးအပေါ် အစွဲအလမ်းသိပ်မထားသလို ကဗျာဆရာလို့ အရမ်း အခေါ်ခံချင်နေတဲ့
ချာတိတ်တစ်ယောက်လည်း မဟုတ်ပါဘူး။
အောင်ရင်ငြိမ်း
25th January 2011
ဘယ်သူ ဖန်တီးလိုက်သလဲ
ရုတ်တရက်၊ အမှတ်မထင်၊ လျှပ်တစ်ပြက်၊ ငါ့ကိုယ်ငါတောင် သတိမထားမိ
အချစ်က Jesus Christ ပဲ
စိတ်ကျရောဂါ ပျောက်သွားပြီ၊ အတိတ်ဒဏ်ရာတွေ မေ့သွားပြီ၊ မှတ်ဥာဏ်ထဲမှာ ဘာမှမရှိ
မင်းဟာ ကိုယ် မရေးဖြစ်တော့မယ့် ကဗျာ၊ ကိုယ် မဆိုတတ်တဲ့ Death Metal
ကိုယ့် အသက်နဲ့ မလိုက်ဖက်တဲ့ ပန့်ခ်ဖက်ရှင်၊ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့် ဗိုင်းရပ်စ်
ဘယ် နည်းပညာနဲ့မှ သတ်ဖြတ်ပစ်လို့ မရ၊ ကိုက်ခဲနေတယ်၊ နှောင့်ယှက်နေတယ်၊ ဖျက်ဆီးနေတယ်
စာသားတွေ အဖြစ်၊ အာရုံရုပ်ပုံတွေ အဖြစ်၊ အသံနဲ့ ခြောက်လှန့်တတ်တဲ့ တစ္ဆေ
အိပ်မက်ထဲ မင်းနာမည်ကို အော်ခေါ်မိ၊ အာရုံခံအင်္ဂါ ၆ပါး၊ အသွေးအသားထဲ ကူးစက်နေ
အသံတွေ ထစ်အ၊ ကိုယ်ဟာ အချစ်ရေးမှာ အကျွတ်တရား မရနိုင်၊ လူ့အဖြစ် ဟာလာဟင်းလင်း
ဘယ် အဆိုအမိန့်ကိုမှ မယုံကြည်၊ လွတ်လပ်တဲ့ တွေးခေါ်သူ
နောက်ဘ၀မှာ ပြောဖို့ စကားလုံးတစ်လုံး ချန်ထားတယ်၊ လှပတဲ့ စကားလုံးတွေ ရှောင်ထားတယ်
စိတ် အဆက်အသွယ်မရအောင် ဖြတ်တောက်ထား
အချစ်က ပြင်သစ်တစ်ယောက် အင်္ဂလိပ်စကား စပြောရသလို
အဖြစ်က ဆာရီရယ် ပန်းချီကားထဲ လမ်းလျှောက်ထွက်နေရသလို
နိမိတ်ပုံတွေ ပျင်းစရာ၊ ကမ္ဘာလောက၊ သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတာ ပျင်းစရာ
ကိုယ်ဟာ နတ်မိစ္ဆာ၊ ဘယ် ဘုရားသခင်မှ မကိုးကွယ်၊ ပိုက်ဆံ မရနိုင်တဲ့ စိတ်ကူးတွေ အပြည့်
မင်း ကြိုက်တဲ့ စာသားတွေက ကဗျာမှ မဟုတ်တာ၊ စာသားတွေ
မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ ရုပ်ဆိုးဆိုး စာသားတွေ၊ စိတ်နည်းနည်းလျှော့၊ ၀ိတ်နည်းနည်းလျှော့
တစ်နေ့နေ့၊ ဘာသာစကားက လွတ်မြောက်အောင် ထွက်ပြေးဖို့ အကြံအစည်ရှိတယ်၊ လိုက်မလား
ကိုယ်က မိန်းမလှလှ/ စကားလုံးလှလှ မကြိုက်၊ ကိုယ့် အချစ်က အော်လ်တာနေးတစ်ဗ်
Hip Hop မကြိုက်ရင် Gothic ဆို၊ ဒီ ဒီဇိုင်းမကြိုက်ရင် ဟို ဒီဇိုင်းဆင်
ကိုယ့် အဓိပ္ပာယ်နဲ့ ကိုယ်နေ၊ တစ်ခုခု တည်ဆောက်၊ ပြီးရင် ပြန်ဖြိုဖျက်၊ ဆက်လက်ရွေ့
လူ့ဘ၀အကြောင်း တွေးခေါ်ရန်၊ ဘာမှမရှိ၊ အချစ်ကို comment ပေးစရာမလို၊ ရက်လွန်နေတဲ့ ဟမ်ဘာဂါ
မင်း ပြောနေတာ မော်ဒန်ခေတ်က စကားလုံးအဟောင်းတွေ
အလင်္ကာတွေ နည်းနည်းလျှော့၊ ကဗျာဆန်တာ နည်းနည်းလျှော့၊ စိတ်ခံစားမှု နည်းနည်းလျှော့
ဒီစာသားတွေကို ပျင်းလို့ ရေးတာ၊ သတိ အန္တရာယ် သေတတ်တယ်
အနား မကပ်နဲ့ ရှော့ခ် ရှိတယ်။
အောင်ရင်ငြိမ်း
၂၁ စက်တင်ဘာ ၂၀၁၀
# ရည်ညွှန်းချက်။ ကမ္ဘာမြေရဲ့ မခင်သစ်ပင် အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာ
## IN STYLE Magazine , Feb 2011